International News

ယူအေအီး - ယူကရိန်း ဘက်စုံ စီးပွားရေး မိတ်ဖက် သဘောတူညီချက် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည်

Last Updated:

ယူအေအီးနှင့် ယူကရိန်းနိုင်ငံတို့အကြား ဘက်စုံစီးပွားရေး မိတ်ဖက် သဘောတူညီချက် (Comprehensive Economic Partnership Agreement-CEPA) မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်ပြီး၊ နှစ်နိုင်ငံအကြား စီးပွားရေး ဆက်ဆံမှုအတွက် အရေးပါသော တိုးတက်မှုတစ်ခုဖြစ်ကြောင်း သိရပါသည်။

အဆိုပါ သဘောတူညီချက်သည် ယူအေအီးနှင့် ယူကရိန်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် အခွင့်အလမ်းသစ်များ ဖန်တီး ပေးနိုင်ရန်၊ ယူအေအီးနိုင်ငံအား ကမ္ဘာ့ကုန်သွယ်မှု ဗဟိုချက်အဖြစ် ဖော်ဆောင်ရန်နှင့် ဥရောပ ဈေးကွက်နှင့် ယူအေအီးနိုင်ငံအကြား ဆက်ဆံရေး ပိုမို ခိုင်မာစေရန် ရည်ရွယ်ထားကြောင်း သိရပါ သည်။

ယူအေအီး-ယူကရိန်း ဘက်စုံ စီးပွားရေး မိတ်ဖက်သဘောတူညီချက်အရ နှစ်နိုင်ငံအကြား ဈေးကွက် ဝင်ခွင့် လွယ်ကူချောမွေ့စေရန်နှင့် ပိုမိုကျယ်ပြန့်သော ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ခွင့် ရရှိစေရန် အတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် အခွန်လျှော့ချခြင်း သို့မဟုတ် ဖယ်ရှားပေးခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အဆိုပါ မိတ်ဖက်သဘောတူညီချက် စတင် အသက်ဝင်ချိန်တွင် ယူကရိန်းနိုင်ငံသို့ တင်ပို့သည့် ယူအေအီး ကုန်စည်များ၏ ၉၉ ရာခိုင်နှုန်း၊ ယူအေအီးနိုင်ငံသို့ တင်ပို့သည့် ယူကရိန်း ကုန်စည်များ၏ ၉၇ ရာခိုင်နှုန်းတို့အပေါ် အကောက်ခွန် ဖယ်ရှားပေးမည်ဖြစ်ပြီး၊ ယင်းသဘောတူညီချက် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ၂၀၃၁ ခုနှစ်တွင် ယူအေအီးနိုင်ငံ၏ ဂျီဒီပီကို အမေရိကန်ဒေါ်လာ ၃၆၉ သန်း၊ ယူကရိန်းနိုင်ငံ၏ ဂျီဒီပီကို အမေရိကန်ဒေါ်လာ ၈၇၄ သန်း ထည့်ဝင် အကျိုးပြုနိုင် မည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။

၂၀၂၅ ခုနှစ်တွင် ယူအေအီးနှင့် ယူကရိန်းတို့အကြား ရေနံမဟုတ်သော ကုန်သွယ်မှုပမာဏမှာ အမေ ရိကန်ဒေါ်လာ ၃၄၆.၈ သန်း ရှိခဲ့ပါသည်။ ယခုကဲ့သို့ ဘက်စုံစီးပွားရေး မိတ်ဖက်သဘောတူညီချက် လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခြင်းဖြင့် ယူအေအီး-ယူကရိန်း ရေနံမဟုတ်သော ကုန်သွယ်မှုပမာဏအား ၂၀၂၁ ခုနှစ်တွင် အမြင့်ဆုံး ရောက်ရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၉၀၄.၄ သန်းသို့ ပြန်လည်ရောက်ရှိစေရန် ရည်မှန်းထားကြောင်း သိရပါသည်။

ယူအေအီးနိုင်ငံသည် ၎င်း၏ နိုင်ငံတကာ ကုန်သွယ်မှု ချဲ့ထွင်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက် နေပြီး၊ ကမ္ဘာ့နိုင်ငံများနှင့် စီးပွားဆက်ဆံရေးမဟာဗျူဟာတွင် ဘက်စုံစီးပွားရေး မိတ်ဖက် သဘော တူညီချက်များမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ယူအေအီးနိုင်ငံအနေဖြင့် လက်ရှိအချိန်ထိ ဘက်စုံစီးပွားရေးမိတ်ဖက် သဘောတူညီချက် ၃၇ ခု လက်မှတ်ရေးထိုးထားပြီး ၎င်းတို့အနက် သဘောတူညီချက် ၁၇ ခု အသက်ဝင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.wam.ae/en/article/c0zi56p-uae-ukraine-cepa-officially-enters-into-force

(ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News